Monday, July 22, 2013

ဂျပန် အထက်လွှတ်တော် ရွေးကောက်ပွဲ ကျင်းပ၊ ဝန်ကြီးချုပ် အာဘေးပါတီ လူကြိုက်များ


Monday, July 22, 2013

ဂျပန်အထက်လွှတ်တော်ရွေးကောက်ပွဲစတင်ကျင်းပနေပြီး ဝန်ကြီးချုပ်အာဘေး၏လစ်ဘရယ်ဒီမိုကရက် တစ်ပါတီအပေါ် လူကြိုက်များနေကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

လွှတ်တော်အမတ်နေရာ ၂၄၂ နေရာ၏ ထက်ဝက်ခန့်ကို ယှဉ်ပြိုင်နေကြောင်းသတင်းတွင် ဖော်ပြထားသည်။

ဒေသ စံတော်ချိန် နံနက် ၇ နာရီ (ဂရင်းနစ် စံတော်ချိန် ၂၂ နာရီ) အချိန်တွင် ရွေးကောက်ပွဲ စတင်မည် ဖြစ်ပြီး ည ၈ နာရီ အချိန်တွင် မဲရုံတံခါး ပိတ်မည်ဖြစ်သည်။


ဝန်ကြီးချုပ် အာဘေးနှင့် မဟာမိတ် ပါတီများအပေါ် လူထု ထောက်ခံမှု များ မြင့်တက်နေခြင်းကြောင့် ခြောက် နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် လွှတ်တော် နှစ်ရပ်လုံးကို အာဏာရ ပါတီက ထိန်းချုပ်နိုင်ရန် အလား အလာကောင်းနေသည်။

လွှတ်တော်တွင်း နိုင်ငံရေးရာအရအကြီးအကျယ် သဘောထားကွဲလွဲနေခြင်းကြောင့် ပြီးခဲ့သည့် နှစ်များ အတွင်း ဝန်ကြီးချုပ် အပြောင်းအလဲများမကြာခဏ ပေါ်ပေါက်ခဲ့သည်။

ဂျပန်နိုင်ငံ၏ အထက်လွှတ်တော်မှာ အောက်လွှတ်တော်ကဲ့သို့ အာဏာပြင်းထန်ခြင်းမရှိသော်လည်း အစိုးရ အဖွဲ့ တင်သွင်းလိုက်သည့် ဥပဒေကြမ်းများကို တားမြစ်နိုင်သည့် အာဏာရှိကြောင်း BBC သတင်း တွင် ဖော် ပြထားသည်။

အဆိုပါ လွှတ်တော်တွင်း မည်သည့်ပါတီမျှ အများစု အနိုင်ရထားခြင်း မရှိသော်လည်း အတိုက်အခံ ဂျပန် ဒီမိုကရက်တစ် ပါတီက အမတ်နေရာ အများဆုံး ရရှိထားသည်။

အတိုက်အခံ ပါတီများ စုပေါင်းလိုက်ပါက အထက် လွှတ်တော် တစ်ရပ်လုံး ကို ထိန်းချုပ်ရန် လုံလောက်သော အမတ်နေရာ ရရှိခဲ့ခြင်းကြောင့် ပြီးခဲ့သည့်နှစ်များအတွင်း လွှတ်တော်ကို ‘တွန့်လိမ်နေသော လွှတ်တော်’ ဟု
 ခေါ်ဝေါ်ခဲ့သည်။

ယင်းကဲ့သို့ ဖြစ်ရပ်များ ပေါ်ပေါက်ခဲ့ခြင်းကြောင့် နိုင်ငံရေး အင်အားစုများ ကြား ကွဲလွဲမှု အမြောက်အမြား ပေါ်ပေါက်ခဲ့ပြီး ဝန်ကြီးချုပ် အပြောင်းအလဲ များ မကြာခဏ ဖြစ်ပွားခဲ့သည်။

“မူဝါဒတွေ ဖော်ဆောင်ဖို့ နိုင်ငံရေး ငြိမ်ဖို့ လိုပါတယ်။ အထက်လွှတ်တော် မှာ အောင်ပွဲ ရခဲ့ရင် အဲဒီနိုင်ငံရေး တည်ငြိမ်မှုကျွန်တော်တို့ရပြီ” ဟု ဂျပန်ဝန်ကြီးချုပ် အာဘေးက ပြီးခဲ့သည့်သောကြာနေ့တွင် သတင်းထောက် များကို ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် အာဘေး၏ စီးပွားရေးမူဝါဒသစ်များကြောင့် ဂျပန်စီးပွားရေးအနည်းငယ် ပြန်လည် ဦးမော့လာပြီး လူထု ထောက်ခံမှုများ မြင့်တက်နေကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

သို့သော်လည်း လွှတ်တော် နှစ်ရပ်လုံးကိုသာ ဝန်ကြီးချုပ် အာဘေး ထိန်းချုပ် အနိုင်ရပါက ဂျပန်နိုင်ငံ ၏ ငြိမ်းချမ်းရေး လိုလားသည့် အခြေခံ ဥပဒေ ပါ ဖော်ပြချက်ကို လျော့ရိလျော့ရဲ ကျင့်သုံးခြင်း၊ စစ်အသုံးစရိတ် မြှင့်တင်ခြင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးဆိုးရွားစေမည့် အပြုအမူများ ပြုလုပ်ခြင်း စသည့် မူဝါဒများ ကို ဖော်ဆောင်သွားလိမ့်မည်ဟု ဝန်ကြီးချုပ်ကို ဆန့်ကျင်သူများက သုံးသပ်ထားကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

The Voice Weekly

No comments: