Monday, 22 July 2013
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် နိုင်ငံတကာကအထင်အမြင်လွဲမှားနေမှုများကို ပြန် လည်ဖြေရှင်းရန် မြန်မာနိုင်ငံ၏ ပကတိအခြေအနေများကို လာမည့်ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တင်ပြသွားမည်ဟု နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောဆိုကြောင်းဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့မှအတွင်းရေးမှူး ဒေါက်တာသာဥာဏ်က
ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတနှင့်ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့တို့ ဇူလိုင်လ ၂၁ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံစဉ် ဦးဝဏ္ဏမောင်လွင်က ယင်းသို့ ပြောဆိုခြင်းဖြစ်ကြောင်း ဒေါက်တာ သာဉာဏ်က ဆိုသည်။
မြန်မာနိုင်ငံတွင် လူမျိုးတုံး သတ်ဖြတ်မှုများ ရှိသည်ဟု Organization of Islamic Cooperation (OIC) အဖွဲ့က ကုလသမဂ္ဂတွင် တိုင်ကြားထားပြီး ယင်းကိစ္စ မဟုတ်မမှန်ကြောင်းကို အချက် အလက်များနှင့် တကွ ကုလသမဂ္ဂကို တင်ပြရန် ယခုလအတွင်း ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့မှ စတင်ကာ အချက်အလက်များကို ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ကကောက်ခံမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
နိုင်ငံတော် သမ္မတ ဗြိတိန်နိုင်ငံ ခရီးစဉ် မတိုင်မီတွင် နိုင်ငံတကာ အဖွဲ့အစည်း အချို့က မြန်မာနိုင်ငံတွင် အစ္စလာမ် ဘာသာဝင်များကို လူမျိုးတုံး သတ်ဖြတ်မှု ရှိနေသည်ဟုဆိုကာ ကုလ သမဂ္ဂ မျက်နှာစာတွင် တင်ပြရန် ကြိုးစားလာကြောင်း၊ ကုလသမဂ္ဂ မျက်နှာစာတွင် ယင်းသို့ တင်ပြလာပါက နိုင်ငံနှင့် ပြည်သူ ဂုဏ်သိက္ခာ ထိခိုက်မည် ဖြစ်သဖြင့် နိုင်ငံတော်သမ္မတ ဗြိတိန်နိုင်ငံသို့ မသွားမီနှင့် ပြန်ရောက်သည့် အချိန် တွင် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့နှင့် တွေ့ဆုံကာ နိုင်ငံ ပုံရိပ်အတွက်ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။
“နိုင်ငံတကာက ဖိအားပေးမှုတွေ များလာတယ်” ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သော ပဋိပက္ခများမှ စ၍ မြန်မာနိုင်ငံတွင် လူမျိုးတုံး သတ်ဖြတ် မှုများရှိနေကြောင်း နိုင်ငံတကာ မီဒီယာအချို့က ဖော်ပြခဲ့ပြီး OIC ကလည်း ယင်းကိစ္စကို ကုလသမဂ္ဂသို့ ဇူလိုင် ၁၀ ရက်နေ့က တင်ပြခဲ့သည်။
ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းတို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် လူဦးရေ နှစ်ရာကျော် သေဆုံးခဲ့ရပြီး ဖြစ်သည်။
The Voice Weekly

No comments:
Post a Comment