Tuesday, July 09, 2013

မြန်မာနိုင်ငံ၏ ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကုန်ကျစရိတ် လျာထား ချက်များ ပါဝင်သည့် ပညာရေး စီမံကိန်းများ ရေးဆွဲခြင်း ဆောင်ရွက်မည်


Tuesday, 09 July 2013 
 
မြန်မာနိုင်ငံ၏ ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်း (Comprehensive Education Sector Review-CESR) ကို အဆင့် သုံးဆင့်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ပြီး ၂၀၁၄ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် အဆိုပါလုပ်ငန်းစဉ်များ ပြီးဆုံးမည်ဖြစ်ကြောင်းပညာရေးဝန်ကြီး ဌာနမှ သိရသည်။
လုပ်ငန်းစဉ် အဆင့် ၁ တွင် အချိန်တိုအတွင်း လေ့လာဆန်းစစ်မှုများ ပါဝင်မည်ဖြစ်ပြီး အဆိုပါ အဆင့်တွင် ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးအဖွဲ့ဝင်များက နယ်ပယ်များခွဲကာ လတ် တလောပြုပြင်ပြောင်းလဲရမည့် လုပ်ငန်းများနှင့် ဦးစားပေး ဖြေရှင်းဆောင်ရွက်ရမည့် လုပ်ငန်းများကို ဖော်ထုတ်ကာ အစီရင်ခံစာများ ရေးသားခြင်း၊ အဆိုပါ အစီရင်ခံစာများကို အခြေခံ၍ ညှိနှိုင်းဆွေးနွေးခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်သည်။ အဆင့် ၂ တွင် အသေးစိတ် လေ့လာ ဆန်းစစ်သည့် လုပ်ငန်း များ ပါဝင်မည်ဖြစ်ပြီး စွမ်းဆောင်ရည် မြင့်မားရေး လုပ်ငန်းများနှင့် ပညာရေးဆိုင်ရာ ပိုမိုကျယ်ပြန့် နက်ရှိုင်း သော စူးစမ်းလေ့လာမှုများကို လည်းကောင်း၊ အဆင့် ၃ တွင် ကုန်ကျစရိတ် လျာထားချက်များ ပါဝင်သော ပညာရေး စီမံကိန်းများ ရေးဆွဲခြင်းကို လည်းကောင်း အဆင့်များခွဲ၍ ဆောင်ရွက်သွားမည် ဖြစ်သည်။

ကုန်ကျစရိတ်လျာထားချက်များပါဝင်သော ပညာရေး စီမံကိန်းများ ရေးဆွဲခြင်းကို အဆင့် ၁ နှင့် အဆင့် ၂ တို့၏ လေ့လာဆန်းစစ် ချက်များအရ ထွက်ပေါ်လာမည့် ရလဒ်များကို အခြေခံ ရေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

''ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်းဟာနိုင်ငံတော်က ဦးဆောင်ပြီး ပညာရေးနဲ့ သက်ဆိုင်တဲ့သူတွေ ပါဝင်ဆောင်ရွက်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။ ဒီလုပ်ငန်း ပြီးဆုံးချိန်မှာ ဒေသ ဆိုင်ရာ လိုအပ်ချက်တွေ၊ စိတ်ဝင်စားမှုတွေကို ဖြည့်ဆည်းနိုင်မယ့် ပညာရေး စီမံကိန်းတွေကို ရေးဆွဲနိုင် မယ်လို့ ယုံကြည်ပါတယ်'' ဟု တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်း အဆင့်(၁)၊ အချိန်တိုအတွင်း အကဲဖြတ်ခြင်း အစီရင်ခံစာ (မူကြမ်း)ရှင်းလင်း ဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေး က ပြောကြားခဲ့သည်။

eleven media group

No comments: