Monday, July 29, 2013

ထိုင်းနိုင်ငံ မဟာချိုင်ဒေသက ၀ပ်ထစ်ရွှေ့ပြောင်းမြန်မာကလေးများ အရည်အသွေးမြှင့်ကျောင်း

Monday, July 29, 2013


ထိုင်းနိုင်ငံ မဟာချိုင် ဒေသက ၀ပ်ထစ်ထိုင်း ဘုန်းတော်ကြီးကျောင်းမှာ ဖွင့်လှစ်ထားတဲ့ ရွှေ့ပြောင်း မြန်မာ ကလေးငယ်များ အရည်အသွေးမြှင့်ကျောင်းလေး ဆက်လက်တည်တံ့ရေး အစည်း အဝေးကို ဇူလိုင် ၂၈ ရက်နေ့က ကျင်းပပါတယ်။ စမွတ်စခွန်ခရိုင်တွင်းက သာရေးနာရေး လူမှုရေးဘာသာရေး အဖွဲ့အစည်းပေါင်း ၇၈ ဖွဲ့အစည်းအဝေးခေါ်ယူ ကျင်းပပြီး ကျောင်းဆက် လက် ရပ်တည်ရေးဆွေးနွေးခဲ့ကြတာပါ။ အစည်းအဝေး အပြီးမှာတော့ အဖွဲ့ပေါင်း ၃၀ က တဖွဲ့ကို တလဘတ် တထောင်နှုံးနဲ့ကျောင်းရပ်တည်ရေး ရံပုံငွေထောက်ပံ့ဖို့ ၀န်ခံကတိပြု ခဲ့ကြပါတယ်။ ကျောင်းဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ၁၄ယောက်ကလဲ တလကို ဘတ် တရာ ထည့်ဝင်လှူဒါန်းမယ့် အမာခံအလှူရှင်များ ရှာဖွေစုဆောင်း အလှူငွေ ကောက်ခံပေးဖို့ အာမခံခဲ့ကြပါတယ်။

ရွှေ့ပြောင်းမြန်မာ လုပ်သားတွေ အတွက် ကျောင်းရဲ့ အရေးပါပုံ

ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်ရဲ့ အနောက်ဘက်က စမွတ်စခွန်တိုင်း မဟာချိုင်ဒေသဟာ ထိုင်းနိုင်ငံရဲ့ ငါး သေတ္တာဗူးလို့ တင်စားရင်မှားမယ်မထင်ပါဘူး။ ပင်လယ်စာ လုပ်ငန်း ထွန်းကားပြီး လုပ်သား အင်အားအများ အပြား လိုတာမို့မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံသား ရွှေ့ပြောင်း လုပ်သားတွေ အမြောက်အများ လာ
ရောက် အလုပ်လုပ်ကြပါတယ်။ အဲဒီအထဲက အများဆုံးကတော့ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းထဲကမြန်မာ ရွှေ့ပြောင်း လုပ်သားတွေပါပဲ။ တရားဝင် ကောက်ခံထားတဲ့ စာရင်းတွေအရ မဟာချိုင်ဒေသမှာ မြန်မာနိုင်ငံ သား ရွှေ့ပြောင်းလုပ်သားတွေ ၃ သိန်းလောက်ရှိတယ်ဆိုပေမယ့် တရားမ၀င်လုပ်သားတွေပါ ပေါင်းလိုက်ရင် သန်းဂဏန်း နီးပါး ရှိနိုင်တယ်လို့ အလုပ်သမား အခွင့်အရေး ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်း တွေက ဆိုပါတယ်။

ဒီလုပ်သားတွေ အချင်းချင်း ပေါင်းဖက်မွေးဖွားလာတဲ့ ကလေးတွေကတော့မြန်မာနိုင်ငံတွင်းမှာ ကျန်ရစ်တဲ့ ဘိုးဘွားဆွေမျိုးတွေဆီကို နို့စို့ဘ၀တည်းကပို့ဆောင်ခံရတာများပြီး အရွယ်ရောက်ရင်မိဘနဲ့ခွဲခွာရင်း မြန်မာ ပြည်ထဲမှာ ကျောင်းနေရတာများပါတယ်။ မြန်မာပြည်ထဲမှာ ကျောထောက်နောက်ခံ မရှိတဲ့ရွှေ့ပြောင်း လုပ်သားတွေက တော့ သားသမီးတွေကို နီးစပ်ရာ အိမ်နီးချင်းတွေဆီမှာ တော်သလို အပ်နှံရတာရှိတာမို့ လမ်းပေါ်မှာ သွန်သင်ဆုံးမသူ ထိန်းကျောင်းသူ ရှိသင့်သလောက် မရှိဘဲ ကြီးပြင်းကြရတာမျိုးလဲ ရှိနေပါ တယ်။ ဒါဟာမြန်မာရွှေ့ပြောင်းကလေး တွေ ရဲ့ဘ၀လုံခြုံရေးနဲ့ အနာဂတ်အတွက် အင်မတန် အန္တရာယ်ကြီး တဲ့ အခြေအနေပါ။ ခုတော့ ဒီကလေးတွေ အတွက် ဘ၀မျှော်လင့်ချက် အလင်းရောင် သမ်းလာပါပြီ။

ကျောင်းဖြစ်မြောက်ရေး အားထုတ်ကြိုးပမ်းမှု အကျဉ်းချုပ်

၂၀၁၀နောက်ပိုင်း ထိုင်းနိုင်ငံတွင်းက ရွှေ့ပြောင်းမြန်မာ လုပ်သားတွေ အပေါ် ထိုင်းအစိုးရ အာဏာပိုင်တွေ၊ ရဲတွေရဲ့နှိပ်ကွပ်မှုတွေ သိသိသာသာလျော့နည်း လာချိန်မှာ ရွှေ့ပြောင်း လုပ်သားတွေရဲ့ သာရေးနာရေး ကိစ္စရပ်တွေကို လူ ရာသွင်းဆောင်ရွက်ခွင့်တွေ ရလာခဲ့ပါတယ်။ အဲဒီ အချိန်က စပြီး ရွှေ့ပြောင်းမြန်မာ ကလေးငယ်တွေ လမ်းပေါ်ကနေ ကျောင်းထဲရောက်ရေး အတွက် ထိုင်းနဲ့နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေ၊ သာရေးနာရေး အသင်းအဖွဲ့လေးတွေ နည်းပေါင်းစုံနဲ့ကြိုးစား ခဲ့ကြတာပါ။

ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးတင်ဝင်း လက်ထက်မှာတော့၂နိုင်ငံ အစိုးရတွေကြား ရွှေ့ပြောင်း မြန်မာကလေးငယ်တွေအတွက် စာသင်ကျောင်း ဖွင့်ခွင့်ရရေး ၂ နိုင်ငံ အာဏာပိုင်တွေ ၀န်ကြီး အဆင့် အစည်းအဝေးထဲက လုပ်ငန်းစဉ်ထဲအထိ ရောက်လာ ပါတော့တယ်။ကျောင်းအတွက်မြေနေရာ ၊ကျောင်း ဆောင်၊သင်ရိုး၊ဆရာအင်အား စတဲ့များမြောင်လှတဲ့အစီအစဉ်တွေအတွက် ရွှေ့ပြောင်းလုပ်သား ကိုယ်စားပြု သာရေးနာရေး အဖွဲ့ပေါင်းစုံ အစည်းအဝေးတွေကို အလုပ်ပိတ်ရက်တွေမှာ ကျင်းပ ညှိုနှိုင်းရတာပါ။ ရက် သတ္တပတ် တပတ်မှာ တရက်ကလေးအားလပ်ရက်ရတဲ့ ရွှေ့ပြောင်း မြန်မာ လုပ်သားတွေဟာ စက်ရုံ အလိုက် နေထိုင်ရာ နယ်မြေ ရပ်ကွက်အလိုက် လူထုအခြေပြု သာရေးနာရေး အဖွဲ့လေးတွေ ဖွဲ့ပြီး နိုင်ငံခြား ရောက် မြန်မာအချင်းချင်း ရိုင်းပင်းမိအောင် စုစည်းမိအောင် ကြိုးစားရတာဖြစ်ပါတယ်။ မဟာချိုင် ရပ်ကရွှေ့ပြောင်း မြန်မာ လုပ်သားတွေရဲ့သာရေးနာရေး လုပ်ငန်းတွေအတွက် စုရပ်ဖြစ်လာတဲ့ မဟာချိုင်ရပ်က ၀ပ်ထစ်ဘုန်း တော်ကြီးကျောင်းမှာ ကျောင်းထိုင် ဆရာတော်ကြီးရဲ့ခွင့်ပြုချက်တွေ ပံ့ပိုးမှုတွေ ကလဲ အားရကျေးဇူး တင် စရာပါ။ ညှိုနှိုင်းမှုတချို့အပြီးမှာ ရှိသလောက်နဲ့ဖြစ်အောင် စမယ်ဆိုတဲ့ ခံယူချက်နဲ့ ဇူလိုင် ၁ ရက်နေ့မှာတော့ ကျောင်းဖွင့်ပွဲကို ရှိသမျှအင်အားနဲ့မဖြစ်ဖြစ်အောင် စတင် ဖွင့်လှစ်လိုက်ပါတော့တယ်။

လက်ရှိကျောင်းသား အခြေအနေ

စတင် ဖွင့်လှစ်ချိန်က ကျောင်းသား အင်အား ၃၈ ယောက်နဲ့ စတင် လိုက်ပေမယ့် ကျောင်းဖွင့်ပြီး တလမပြည့် ခင်မှာ ထပ်မံ လာရောက်ကျောင်းအပ်တဲ့ ကျောင်းသားတွေကြောင့် ခုတော့ ကျောင်းသား အင်အား ၁၀၂ ယောက်ဖြစ်သွားပါပြီ။ ၀ပ်ထစ်ဘုန်းကြီးကျောင်းက ကျောင်းထိုင် ဆရာတော်ကြီးက စာသင်ကျောင်းနဲ့ ကလေး ကစားကွင်း အတွက်ပါ သူ့ကျောင်းဝင်း ထဲမှာ နေရာ သတ်မှတ်ပေး ခဲ့ပါတယ်။ ဒါပေမယ့် တရက် လုပ်အားခ ဘတ် ၃ ရာစား ရွှေ့ပြောင်း မြန်မာလုပ်သားတွေ အဖို့စာသင်ကျောင်း ဆောက်လုပ်ရေး အတွက် ငွေရေးကြေးရေး အဆင်သင့် မဖြစ်သေးပါဘူး။

အဲဒီအတွက် ဆရာတော်ကြီးရဲ့ ကရုဏာကြောင့် ဘုန်းကြီးကျောင်း ၂ ထပ် ကျောင်းကြီး တဆောင်ရဲ့ အပေါ် ထပ်က ခန်းမကျယ်ကြီးကို အခန်း ၅ ခန်း ကန့်ပြီး သူငယ်တန်းကနေ စတုတ္ထတန်း အထိ ခွဲခြား သင်ကြားပေး ရပါတော့တယ်။သင်ကြားရေးအတွက် မဟာချိုင်ဒေသက ငါးပုစွန်စက်ရုံတွေမှာ လတ်တလော အလုပ်လုပ် နေတဲ့ မြန်မာနိုင်ငံတွင်းကျောင်းဆရာ၊ဆရာမလုပ်ခဲ့ဖူးသူ ကျောင်းဆရာ၊ ဆရာမဟောင်း ၃ ယောက်က လက်ရှိ အလုပ်တွေကနေထွက်ပြီး ၀ပ်ထစ်ကျောင်းမှာ မြန်မာရွှေ့ပြောင်း ကလေးငယ်တွေကို တာဝန်ယူ သင်ကြား ပို့ချပေးနေပါတယ်။

ကျောင်းသား ကလေးငယ်တွေရဲ့ပညာရေး အခြေအနေ

မြန်မာနိုင်ငံ အခြေခံပညာသင်ကျောင်းတွေက သင်ရိုးအတိုင်း ကလေးငယ်တွေကို စတင်ပညာသင်ကြားပေး နေပါတယ်။ လာရောက်ကျောင်းအပ်သူ ကျောင်းသား တ၀က်ကျော်က အရင်က ထိုင်းအဖွဲ့အစည်းတွေက ဖွင့်တဲ့ နေ့ကလေး ထိန်းကျောင်းတွေမှာ နေဖူးတာကြောင့် ထိုင်းနဲ့အင်္ဂလိပ် စကားနဲ့စာကို အနည်းအကျဉ်း သင်ဖူးကြပေမယ့် မြန်မာစာနဲ့စကားကတော့ မတတ်မြောက်ကြပါဘူး။ ကျောင်းသားတွေကို အတန်းပညာ ခွဲခြားသင်ပေးရာမှာတော့ မိဘတွေက မြန်မာနိုင်ငံမှာ သူတို့ကလေး ဘယ်လောက် စာသင်ဖူးတယ်ဆိုတဲ့ အပြောကို မြန်မာနိုင်ငံတွင်းမှာ အစိုးရကျောင်းဆရာလုပ်ဖူးသူဆရာ၊ဆရာမဟောင်းတွေက တိုက်ဆိုင် စစ်ဆေး အကဲဖြတ်ပြီး မီရာအတန်းကို တက်ခိုင်းရတဲ့ အနေအထားမှာရှိနေပါတယ်။

သူငယ်တန်းကို တက်ရောက်နေပေမယ့် အသက်ကတော့ ၈ နှစ်လောက် ရှိတဲ့ ကလေးတွေလဲ များနေ ပါတယ်။

ကျောင်းရဲ့ရပ်တည်မှု အခြေအနေ

ကျောင်းအပ်တဲ့ ကလေးတိုင်း တယောက်ကို ကျောင်းဝင်ကြေး ဘတ် ၅၀၀ ကောက်ခံတာဟာ တခုတည်း သောငွေ ကောက်ခံမှုပါ။ ကျောင်းလခ၊ကျောင်းကားခမှ စလို့တခြားဘာကြေးမှ မကောက်ခံပါဘူး။ လော လောဆယ်မှာတော့ မနက် အစောကြီး အလုပ်ဆင်းရတဲ့ ရွှေ့ပြောင်း လုပ်သားတွေရဲ့အနေအထားကြောင့် ကလေးတွေကို ကျောင်း ကားနဲ့အကြိုအပို့လုပ်ပေးရသလို နေ့လယ်စာလဲ ကျောင်းက တာဝန်ယူ ကျွေးမွေး ရပါတယ်။

အဲဒီအတွက် အခမဲ့ပါ။ ကျောင်းကားကိုလဲ ၀ပ်ထစ်ကျောင်းက ကျောင်းထိုင် ဆရာတော်ကြီးက အခမဲ့ ထုတ်ပေးပြီး ကျောင်းကားမောင်းသူနဲ့ ဆီဖိုးကိုပဲ ကျောင်းဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ဝင်ရွှေ့ပြောင်း မြန်မာလုပ်သား ၁၄ ယောက်က ဖန်တီးရှာကြံကြပါတယ်။ ကလေးတွေ အတွက် နေ့လယ်စာကိုတော့ စမွတ်စခွန်ခရိုင်တွင်းက အလှူရှင် တွေရဲ့မင်္ဂလာဆွမ်းကျွေး၊ မွေးနေ့အလှူ စတာတွေကို ၀ပ်ထစ်ကျောင်းမှာ လာရောက် ကျင်းပရင်း ကလေးတွေကို ကျွေးမွေး ဧည့်ခံတဲ့ အလှူတွေအဖြစ်နဲ့ဖန်တီးကျွေးမွေးပါတယ်။ ၀ပ်ထစ်ကျောင်းကျောင်းထိုင် ဆရာတော်ကြီးကလဲ သူ့ကို လှူဒါန်းတဲ့ လှူဖွယ်တွေကို ထပ်ဆင့် လှူဒါန်းကျွေး မွေးနေပါတယ်။

မြန်မာရွှေ့ပြောင်း လုပ်သားတွေကလဲ ဆန်၊ ဆီ စတာတွေကို တပိုင်တနိုင် လာရောက် လှူဒါန်းကြပါတယ်။ ချက် ရေး ပြုတ်ရေးကိုတော့ အလုပ်အကိုင်မဲ့ ရွှေ့ပြောင်းမြန်မာတွေက အလှည့်ကျ လာရောက် ချက်ပြုတ် ကျွေးမွေးကြတာပါ။ သင်ထောက်ကူ ပစ္စည်းတွေကိုတော့ အလှူရှင် တချို့က အမာခံ ပံ့ပိုးလှူဒါန်းကြပါတယ်။ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက မတည်အလှူငွေ ဘတ်ငွေ တသိန်းခွဲ လှူဒါန်းထားပါတယ်။

ကျောင်းသား ကလေးငယ်တွေရဲ့အနာဂတ်အာမခံချက်

ဒီကျောင်းကထွက်တဲ့ ကလေးတွေအတွက် ထိုင်းနဲ့မြန်မာအစိုးရကျောင်းတွေဆီမှာ တရားဝင် တိုက်ရိုက် ပေါင်းကူး တက်ရောက်နိုင်မှုတော့ လောလောဆယ် မရှိသေးပါဘူး။ အဲဒီအဆင့်ကို ရောက်ဖို့ကြိုးစား ညှိုနှိုင်း ဆဲ အဆင့်မှာပဲ ရှိနေပါတယ်။ ဒါပေမယ့် ဒီကျောင်းက အသိအမှတ်ပြု လက်မှတ်ရထားတဲ့ ကလေးတွေကို အရည်အချင်းစစ် စာမေးပွဲဖြေဆိုစေပြီး အောင်မြင်ရင်တော့ မြန်မာနိုင်ငံတွင်းက အစိုးရကျောင်းတွေမှာ တိုက်ရိုက်ပေါင်းကူး တက်ရောက်ခွင့် ရရှိ ထားပါတယ်။

ကျောင်းရဲ့လိုအပ်ချက်လေးများ

လောလောဆယ် လိုအပ်ချက်ကတော့ အလှူငွေပါ။ ဓာတ်ပုံတွေမှာ မြင်ရတဲ့ အတိုင်း ကလေးတွေဟာ အခင်းမပါဘဲ သမံတလင်းပေါ်မှာ ထိုင်ရင်း စာသင်နေရတဲ့အတွက် ကျန်းမာရေးထိခိုက်နိုင်နေပါတယ်။ ကလေးငယ်တွေဟာ နိုင်ငံ ရဲ့အနာဂတ်ပါ။ ရွှေ့ပြောင်းမြန်မာ ကလေးငယ်တွေရဲ့ အနာဂတ် အတွက်ထည့်ဝင် လှူဒါန်းမယ်ဆိုရင်တော့ ကျောင်းဖြစ်မြောက်ရေး ကော်မတီ ဒုဥက္ကဌ ဦးတိုး၊ ဖုန်း (၆၆)၈၆၈၉၁၅၈၀၃၊ (၆၆)၉၀၉၂၃၂၄၀၇ တို့ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

Phophtaw News Association

No comments: