Thursday, August 29, 2013

၁၂ရ နှစ်အရွယ် တရုတ်အဘွားအို ကမ္ဘာ့အသက်အကြီးဆုံးလူဟု ဆို

Thursday, August 29, 2013
တရုတ် နိုင်ငံအနောက်ဘက် ဝေးလံခေါင် သီသောအရပ်မှ အသက်၁၂ရနှစ် အရွယ်ရှိအဘွားအိုအား သက်ရှိ ကမ္ဘာ့အသက်အကြီးဆုံးလူသားအဖြစ် တရုတ်အစိုးရသတင်းဝက်ဘ်ဆိုက်မှ ဖော်ပြထားခဲ့ကြောင်းသိရသည်။

သို့ရာတွင် ကျွမ်းကျင်သူတို့ကမူ အဘွားအိုအား အသက်ကြီးဆုံးအဖြစ် မှတ်တမ်းတင်ရန်အတွက် သံသယ ပွားလျက်ရှိကြောင်းသိရသည်။ စင်ကျန်းမြို့ရှိ တရုတ်အစိုးရသတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ အဘွားအို၏အမည်မှာ အာလီမီဟန်ဆီယီတီ ဖြစ်ပြီး ကာဂျစ္စတန်နယ်စပ်အနီး ကက်ရှ်ဂါတွင် နေထိုင်သူ ဖြစ်သည်။ သူ့ကို ၁၈၈၆ခုနှစ် ဇွန်၂၅ရက်တွင် မွေးဖွားခဲ့ကြောင်း သိရသည်။

ထိုအချိန်တွင် အမေရိကန်ပြည်ထောင်စုသမ္မတမှာ ဂရိုဗာကလိလင်းဖြစ်ပြီး ဗြိတိန်ဝန်ကြီးချုပ်မှာ ဝီလျံ ဂလက်စတုန်းဖြစ်ကြောင်း သိရသည်။တရုတ်လူမျိုး အသက်ရှည်သူများမှတ်တမ်းများမှာများသောအားဖြင့် နိုင်ငံတကာမှ လက်ခံ အသိအမှတ်ပြုခြင်းမရှိဟု သိရသည်။

တရုတ်နိုင်ငံတွင် ၁၉၄၉ ခုနှစ် ကွန်မြူနစ်ပါတီအာဏာရရှိခဲ့ပြီးသည့်အချိန်အထိ မွေးဖွားခဲ့သူများ၏ မွေး စာရင်းလက်မှတ်များမှာ ယုံကြည်စိတ်ချရသော စနစ်မရှိဟုဆိုသည်။ အဘွားအို ဆီယီတီ မွေးဖွားသည် ဆိုသောအချိန်မှာ တာဂျစ်စစ်ဘုရင်ယာကွတ်ဘက် စိုးမိုးအုပ်ချုပ်ချိန်ဖြစ်ပြီး ထိုအချိန်က စင်ကျန်းဒေသ၏ အခြားသောနေရာအစိတ်အပိုင်းများကို ရုရှားတို့က ထိန်းချုပ်ထားချိန်ဖြစ်ကြောင်း သိရသည်။

သတင်းအရင်း အမြစ်များကို ကိုးကား၍ဖော်ပြ ရာတွင် အဘွားအိုဆီယီတီမှနေ ၍ မျိုးဆက်၅၆ဆက် ဆင်းသက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ အ ဘွားအိုဆီယီတီသည် သီချင်းများကို ချစ်မြတ်နိုးသူဖြစ်ပြီး ရုပ်မြင် သံကြားမှသီချင်းကို တစ်ကြိမ်ကြားရုံဖြင့် အကျွမ်းတဝင်ရှိသွားတတ်ကြောင်း၊ နွေရာသီဖြစ်စေ၊ ဆောင်း ရာသီဖြစ်စေ ရေခဲရေကိုသောက် လေ့ရှိကြောင်း၊ အဘွားသည် စား ကောင်းသောက်ကောင်းသူ တစ်ဦး ဖြစ်ပြီး ကျန်းမာရေးကောင်းပြီး အမှိုက်လှည်းကျင်းခြင်း၊ ကလေး ထိန်းခြင်းနှင့် မြက်ဖျာရက်လုပ်ခြင်းကဲ့သို့ သော အိမ်မှုကိစ္စများကို ယခုအချိန်အထိ လုပ်နေဆဲရှိကြောင်း၊ ဈေးဝယ်ခြမ်းရသည်ကို နှစ်သက်ကြောင်း
ဖော်ပြခဲ့သည်။

သို့ရာတွင် တရုတ်နိုင်ငံ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းတင် အဖွဲ့အစည်းအတွက် ဆောင်ရွက်ပေးနေသော မှတ်တမ်းမန်နေဂျာ ချားလ်ဝှာတန်ကမူ လတ်တလော တွင် အာလီမီဟန်ဆီယီတီနှင့်ပတ် သက်သည့် အချက်အလက်မှတ်တမ်းများကို လက်ခံရရှိသေးခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

Yangon Media Group

No comments: