Tuesday, August 27, 2013

အောင်ဘာလေထီ ဆုမဲ အရေအတွက် ထပ်တိုးမည်


Tuesday, 27 August 2013 

နိုင်ငံတော်မှတရားဝင်ရောင်းချနေသော အောင်ဘာလေ ထီများကို ဝယ်ယူ ကံစမ်းကြသူများ တဖြည်းဖြည်း များပြားလာခြင်းကြောင့် တစ်လထက် တစ်လ ရောင်းအား ပိုကောင်းလာကာ ယခင်ကထက် အစောင်ရေ ၃၅ သိန်းကျော် ပို၍ ရောင်းလာရကြောင်း သိရသည်။

လွန်ခဲ့သော နှစ်လ၊ သုံးလခန့်မှ စတင်ကာ ထီရောင်းအားများ သိသိသာသာ တိုးတက်လာ ခြင်းကြောင့် ယခုကဲ့သို့ ထီအစောင်ရေ တိုးမြှင့်ရောင်းချ လာရခြင်းဖြစ်ပြီး ရောင်းရသော ထီ အစောင်ရေ တိုးလာခြင်းနှင့် အတူ ထီဖွင့်ရာတွင်လည်း ဆုမဲအရေ အတွက်ကို တိုး၍ ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးကပြောကြားခဲ့သည်။

''ဒီနှစ်လ၊ သုံးလလောက်မှာ ထီရောင်းအားက တော်တော်ကြီးကို တိုးတက်လာခဲ့တယ်။ နှိုင်းယှဉ် ပြောရရင် ပြီးခဲ့တဲ့ ဇွန်လက ထီအစောင်ရေ ၂၇၈ သိန်းကျော် ရောင်းရလို့ဆိုပြီး ဇူလိုင်လကျတော့ ထီအစောင်ရေ ကိုးသိန်း ထပ်တိုးတယ်။

အဲဒီလိုထပ်တိုးတာလည်း ရောင်းအား ကောင်းတော့ အားလုံးကုန်တယ်။ အဲဒါနဲ့ သြဂုတ်လမှာ ထီအစောင်ရေ နောက်ထပ် ၂၇ သိန်း ထပ်တိုးရောင်းပါတယ်။ အဲဒါလည်း အားလုံးနီးပါး ကုန်လိမ့်မယ်လို့ မျှော်မှန်းထားတယ်။ ဇွန်လထက်စာရင် စုစုပေါင်း ထီအစောင်ရေ ၃၆ သိန်းလောက် ပိုရောင်း လာရတယ်။ အခုဆိုရင် အောင်ဘာလေ ထီရောင်းအားက တစ်လကို အစောင်ရေ ၃၁၅ သိန်း နီးပါးလောက် ရောင်းရတယ်။ ထီအစောင်ရေ တိုးရောင်း လာရသလို ဆုမဲအရေအတွက် ကလည်း အချိုးကျ တိုးသွားမှာပါ။ ကျပ်သိန်း ၁ဝဝ မင်္ဂလာစုံတွဲ စနစ်တွေနဲ့ သိန်း ၂ဝဝ၊ သိန်း ၃ဝဝ ဆုတွေမှာ အရေအတွက်တွေ တိုးပြီး ဖွင့်ပေးသွားဖို့ အခြေအနေ များပါတယ်''ဟု ၄င်းက ပြောပြခဲ့သည်။

အောင်ဘာလေ ထီများသည် မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများထက် အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများတွင်ရောင်းအားများပိုမိုကောင်းလာခဲ့ရာအချို့သောထီရောင်းအား၊ ပေါက်အား ကောင်းသော ထီအရောင်းဆိုင်များတွင် ၄င်းထီများကို တစ်စောင်လျှင် ငွေကျပ် ၃ဝဝ နှုန်းအထိ ရောင်းချလာကြကြောင်း သိရသည်။

အဆိုပါ အောင်ဘာလေထီ စုစုပေါင်း ရောင်းရငွေ၏ ၆ဝ ရာခိုင်နှုန်းကိုနိုင်ငံတော်မှ ဆုမဲများ ပြန်လည် ခွဲဝေပေးပြီး ၄ဝ ရာခိုင်နှုန်းကို နိုင်ငံတော် အခွန်အဖြစ် ပေးသွင်းကာ လစဉ်လဆန်း ၁ ရက်နေ့တိုင်းတွင် ထီပေါက်မဲ များကို ဖွင့်ပေးလျက်ရှိကြောင်း သိရသည်။

မြ၀တီ

No comments: