Wednesday, 28 August 2013
လူမှုစီးပွားဘဝဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊စွမ်းဆောင်ရည်ရှိသည့်အဖွဲ့အစည်းများနှင့်လူပုဂ္ဂိုလ်များကို နိုင်ငံတော် သမ္မတကြီးက ဂုဏ်ပြု မှတ်တမ်းလွှာ ချီးမြှင့်ရာတွင် မန္တလေးတိုင်းဒေသကြီး အတွင်းမှ ဆု ရှစ်ဆု ရရှိခဲ့ကြောင်း အဆိုပါ ဆုချီးမြှင့်ခြင်း အခမ်းအနားအရ သိရသည်။
ယင်းဂုဏ်ပြု မှတ်တမ်းလွှာများကို အဖွဲ့အစည်းများ၊ လူမှု ကူညီရေးအသင်း၊ ယဉ်ကျေးမှုနှင့် အနုပညာ ဆိုင်ရာ စွမ်းဆောင်ရှင်များကို ရွေးချယ် ချီးမြှင့်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးမှ ဗြဟ္မစိုရ် လူမှုကူညီရေး အသင်း၊ မင်းကွန်း ဘိုးဘွား ရိပ်သာ (ချမ်းအေးသာစံမြို့နယ်)၊ မလွန်ဈေး ဆန်လှူအသင်း၊ ဦးစိန်မြင့် မြန်မာ့ ရွှေချည်ထိုး၊ ရွှေစင် အကယ်ဒမီ ရွှေဆိုင်း လုပ်ငန်း၊ ဦးဝင်းမောင် (တမ္ပဝတီ) မြန်မာ့ ဗိသုကာ ပညာရှင်၊ ဦးကျော်ခင် မိသားစု ကျောက်ပန်းချီ လုပ်ငန်း၊ ဦးဘညိမ်း ယွန်းထည် လုပ်ငန်းတို့ ရရှိခဲ့ကြောင်း အဆိုပါ အခမ်းအနားထံမှ သိရသည်။
ယင်းဆု ရွေးချယ်ရန်အတွက် ပြီးခဲ့သည့် ဇန်နဝါရီလတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကော်မတီ တစ်ရပ် ဖွဲ့စည်းပေးခဲ့ကြောင်း၊ မန္တလေးတိုင်းဒေသကြီး ဆုရွေးချယ်ရေး ကော်မတီသည် မြို့နယ် ၂၈ မြို့နယ် တွင် စစ်ဆေးခဲ့ပြီး နိုင်ငံတော်အဆင့်သို့ ပေးပို့ခဲ့ရကြောင်း အဆိုပါ အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးရဲမြင့်က ပြောကြားသည်။
စိုက်ပျိုးရေး မွေးမြူရေးဆိုင်ရာ ဆုများ၊ စီးပွားရေး စွမ်းဆောင်မှုဆိုင်ရာ ဆုများနှင့် ပညာရပ်ဆိုင်ရာ ဆုများနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးမှ လုပ်ငန်းရှင် လေးဦးခန့်ကို နိုင်ငံတော်သမ္မတကြီးက ဧပြီလတွင် ချီးမြှင့်ပေး ပြီး ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။
လူမှုစီးပွားဘဝ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည်ရှိသော အဖွဲ့အစည်းများနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်သည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ အား နိုင်ငံတော် သမ္မတကြီး၏ ဂုဏ်ပြု မှတ်တမ်းလွှာ ချီးမြှင့်ခြင်း အခမ်းအနားကို သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီတွင် မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီ ခန်းမ (၁) တွင် ကျင်းပခဲ့သည်။
The Voice Weekly
No comments:
Post a Comment