Thursday, September 19, 2013
အစိုးရနှင့်အတိုက်အခံများကြားအမြင်ကွဲပြားမှုများပြင်းထန်လာသည့်နောက်ကမ္ဘောဒီးယားဘုရင်မင်းမြတ်ကိုယ်တိုင်နိုင်ငံရေးကိစ္စများအတွက်ကြားဝင်မှုပြုလုပ်လာခဲ့ကြောင်းသိရှိရသည်။ဗုဒ္ဓဟူးနေ့တွင်ဘုရင်မင်းမြတ်နော်ရိုဒွမ်ဆီဟမ်မိုနီကအတိုက်အခံပါတီအမတ်များအားအမျိုးသားစည်းလုံးညီညွတ်မှုကိုငဲ့ညှာသည့်အနေဖြင့်လွှတ်တော်ကိုသပိတ်မှောက်မည့်အစီအစဉ်အားလက်လွှတ်ရန်ဝင်ရောက်ပန်ကြားခဲ့သည်။ဝန်ကြီးချုပ်ဟွန်ဆန်း၏ကမ္ဘောဒီးယားပြည်သူ့ပါတီအနေဖြင့်ရွေးကောက်ပွဲတွင်မဲလိမ်မှုများရှိခဲ့ကြောင်းစွပ်စွဲမှုများထွက်ပေါ်နေသည့်နောက်အဓိကအတိုက်အခံပါတီများမှအမတ်များကလွှတ်တော်ကိုသပိတ်မှောက်သွားရန်စီစဉ်နေခြင်း ဖြစ်သည်။
ဘုရင်မင်းမြတ်က နိုင်ငံရေးသမားများထံ ရည်စူးပြီး တော်ဝင်သဝဏ်လွှာ
တစ်စောင် ပေးပို့ခဲ့ရာ အမျိုးသားရေး စည်းလုံးညီညွတ်မှုကို ထည့်တွက်ရန် တိုက်တွန်းထားသည်။
အတိုက်အခံပါတီ အမတ်(၅၅)ဦးသည် လွှတ်တော်တွင် နေရာရရှိ
ထားသော်လည်း ရွေးကောက်ပွဲ ရလဒ်ကို ဆန့်ကျင် ဆန္ဒပြရန် စီစဉ်ထားခြင်း ဖြစ်သည်။ ဘုရင်မင်းမြတ်က "နိုင်ငံရဲ့ အစိုးရသစ် ပထမဆုံး ညီလာခံမှာ အားလုံး စုံစုံညီညီ တက်ရောက်ပြီး အမျိုးသား ပြန်လည်
သင့်မြတ်ရေးနဲ့ စုပေါင်းရေးကို ခိုင်ခိုင်မာမာ ပြသကြဖို့ တိုက်တွန်းချင်
ပါတယ်"ဟု စာအတွင်း ရေးသားထားသည်။ အတိုက်အခံ ခေါင်းဆောင်များ အနေဖြင့်မူ ဘုရင်မင်းမြတ်၏ ပန်ကြားမှုနှင့် ပတ်သက်ပြီး ချက်ချင်း မှတ်ချက်ပေး တုံ့ပြန်မှု မရှိသေးချေ။
ဘုရင်မင်းမြတ် ဆီဟမ်မိုနီ အနေဖြင့် ကမ္ဘောဒီးယား နိုင်ငံရေးတွင် ပါဝင်မှုသည် (၂၀၀၄)ခုနှစ်က ထီးနန်းဆက်ခံခဲ့သည့်နောက်ပိုင်း ပထမဆုံး အကြိမ်လည်း ဖြစ်သည်။
ဖွဲ့စည်းပုံအရ ဘုရင်မင်းမြတ်သည် စည်းမျဉ်းခံ အုပ်ချုပ်သူသာဖြစ်ပြီး နိုင်ငံရေးဩဇာ လုံးဝမရှိချေ။ သို့သော်လည်း ဆီဟမ်မိုနီ၏ ဖခင်ဖြစ်သူ ဘုရင်မင်းမြတ်ဟောင်း နော်ရိုဒွမ် ဆီဟန်နွတ် လက်ထက်တွင်မူ နိုင်ငံရေးနှင့် မူဝါဒ ရေးရာကိစ္စများတွင် တက်ကြွစွာ ပါဝင်စွက်ဖက်မှုများ ပြုလုပ်ခဲ့ဖူးသည်။ ကမ္ဘောဒီးယား ရွေးကောက်ပွဲတွင်အရေးနိမ့်ခဲ့သည့်အတိုက်အခံပါတီကြီးနှစ်ခုကမိမိတို့သည် ညီလာခံကို သပိတ်မှောက်ရန် ဆွေးနွေးမှု အပြီးသတ် သဘောတူညီနိုင်လုနီးပါး ရှိနေပြီဟု ကြေညာခဲ့သည့်နောက် ဘုရင်မင်းမြတ်က ကြားဝင်လာခြင်း ဖြစ်သည်။
ကမ္ဘောဒီးယားတွင်အဓိကအတိုက်အခံပါတီတစ်ခုဖြစ်သည့်အမျိုးသားကယ်ဆယ်ရေးပါတီကဖနွမ်ဖတ်မြို့တော်တွင် (၃)ရက်ကြာ စုရုံး ဆန္ဒပြမှုများ ပြုလုပ်ပြီး လုံခြုံရေး တပ်ဖွဲ့များနှင့် ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ လူ့အခွင့်အရေး အဖွဲ့များက လုံခြုံရေး တပ်ဖွဲ့များသည် ကျည်ဆန်
အစစ်များကို အသုံးပြုကာ ဆန္ဒပြသူများကို ပစ်ခတ်ခဲ့သဖြင့် အနည်းဆုံး လူ(၁)ဦး သေဆုံးကြောင်း ပြစ်တင်ပြောဆိုထားသည်။
Planet Myanmar Network
No comments:
Post a Comment