Thursday, April 03, 2014

ပုသိမ်သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ရန် ပုဂ္ဂလိကဘဏ်များကို ကျပ်သုံးသိန်းစီတောင်းခံ

Thursday, April 03, 2014
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူး၍ ပုသိမ်မြို့တွင် ကျင်းပမည့် ၂၀၁၄ ခုနှစ် မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်အတွက် ပုသိမ်မြို့ပေါ်ရှိ ပုဂ္ဂလိက ဘဏ်များက အလှူငွေကျပ် သုံးသိန်းစီ ထောက်ပံ့ခဲ့ရကြောင်း ပုဂ္ဂလိကဘဏ် မန်နေဂျာတစ်ဦးက ပြောကြားသည်။
“နှစ်စဉ်တော့ ထည့်နေရတာပါပဲ။ ဒီနှစ်က ငွေပမာဏလည်း ပါတယ်။ နောက်ဆုံး သတ်မှတ်ရက်လည်း ပါတယ်ဗျ” ဟု ၎င်းကဆိုသည်။

ပုသိမ်မြို့သည့် တိုင်းမြို့တော်ဖြစ်ရာ ဒေသခံပြည်သူများ ရေကစားနိုင်ရေး အတွက် မဏ္ဍပ် ဆောက်လုပ်ရာတွင် ကျပ်သိန်း ၄၅၀ ခန့် ကုန်ကျမည် ဖြစ်သောကြောင့် ပုဂ္ဂလိက ဘဏ်များထံမှ အလှူငွေ ကောက်ခံခြင်း ဖြစ်ကြောင်း ပုသိမ်မြို့နယ် စည်ပင်သာယာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသက်အောင်က ပြောကြားသည်။
“သူတို့ ထောက်ပံ့သလောက် လက်ခံပါတယ်။ အချို့က အပြည့်ထောက်ပံ့တယ်။ အချို့လည်း သူတို့ နိုင်သလောက် ထောက်ပံ့ပါတယ်။ ဒီငွေတွေက အလုပ်သမားခတွေ ပေးနိုင်တာပေါ့” ဟု ၎င်းကဆိုသည်။
“ကျွန်မတို့ တည်းခိုခန်းတွေကိုလည်း ကောက်ပါတယ်။ သုံးသောင်း ထည့်လိုက်ရတယ်” ဟု ပုသိမ်မြို့ရှိ တည်းခိုခန်းပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ပုသိမ်မြို့တွင် ကျင်းပမည့် မဟာသင်္ကြန် ပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် စည်ပင်သာယာရေးအဖွဲ့ကို တာဝန်ပေးထားကြောင်း၊ အဆိုပါ ကိစ္စရပ်များအတွက် ဘတ်ဂျက်ခွင့်ပြုငွေ မရှိသဖြင့် လုပ်ငန်းရှင်များထံမှ အလှူငွေ ကောက်ခံ အကူအညီတောင်းခြင်း ဖြစ်ကြောင်း တိုင်းစည်ပင်သာယာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောကြားသည်။

ပုသိမ်မြို့၏ ဗဟိုမဏ္ဍပ်တွင် နာမည်ကြီး အဆိုတော်များ၏ ဖျော်ဖြေပွဲများ၊ ယိမ်းအကပြိုင်ပွဲများ၊ သံချပ်ပြိုင်ပွဲများ ပါဝင်မည် ဖြစ်ပြီး ဗဟိုမဏ္ဍပ်ကို ယခင် ၁၁၀ ပေမှ ယခု ၂၂၀ ပေအထိ လည်းကောင်း၊ ရေကစားမဏ္ဍပ်ကို ယခင် ပေ ၃၀ မှ ယခု ပေ ၆၀ သို့ လည်းကောင်း၊ တိုးမြှင့် ဆောက်လုပ်ထားကြောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှ ပစ္စည်းများကို ခေတ္တငှားရမ်း၍ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သစ်နှင့် အထပ်သားများ ပံ့ပိုးပေးမှုဖြင့် လည်းကောင်း တည်ဆောက်မည် ဖြစ်ကြောင်း၊ နှစ်ဆန်း တစ်ရက်နေ့တွင်လည်း ငါးလွှတ်ပွဲများ၊ ဘိုးဘွား ပူဇော်ပွဲများကိုလည်း ကျင်းပမည်ဖြစ်ရာ စုစုပေါင်း ကုန်ကျငွေ သိန်း ၅၀၀ အထက် ရှိမည်ဖြစ်ကြောင်း စည်ပင်သာယာရုံး မှတ်တမ်းများအရ သိရှိရသည်။

The Voice Weekly

No comments: